`ဗုဒ္ဓသည် ရွှေပန်းထိမ်သည်သား စုန္ဒ၏ ၀က်သားဆွမ်းကို
ဘုဉ်းပေးပြီးနောက် ၀မ်းသွေးသွန်ရောဂါ အပြင်းအထန် ခံစားရ၏။ သို့ရာတွင်
စုန္ဒအား စိတ်မကောင်း မဖြစ်စေလိုသောကြောင့် ဘုရားရှင် နောက်ဆုံး ဘုဉ်းပေးသော
ဆွမ်းသည်
အခြားဆွမ်းတို့ထက် အကျိုးအာနိသင် ကြီးမားသည်ဟု ဘုရားရှင်
မျက်မှောက်မှ ကြားလိုက်ရကြောင်း ပြောပြ၍ စုန္ဒ၏ နှလုံးမသာယာခြင်းကို
ဖြေဖျောက်ရန် အရှင်အာနန္ဒာအား မှာကြား တော်မူခဲ့၏။´ (ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ-စာ
၄၃)
အထက်ပါ ရေးသားချက်၌ -
(၁) ဘုရားရှင်သည် စုန္ဒ၏ ၀က်သားဆွမ်းကို ဘုဉ်းပေးခြင်းကြောင့် ၀မ်းသွေးသွန်ရောဂါ ခံစားရ၏။
(၂) ထိုသို့ပင် ခံစားရသော်လည်း စုန္ဒအား စိတ်မကောင်း မဖြစ်စေလိုသောကြောင့် ဘုရားရှင် နောက်ဆုံး ဘုဉ်းပေးသော ဆွမ်းသည် အခြားဆွမ်းတို့ထက် အကျိုးအာနိသင် ကြီးမားသည်ဟု (ကြံဖန်ကာ) မိန့်တော်မူ၏- ဟူသော အယူအဆ အမှားနှစ်ရပ် ပါဝင်နေသည်ကို တွေ့ရ၏။
(၁) မြတ်စွာဘုရားရှင် ၀မ်းသွေးသွန်ရောဂါ ဖြစ်ရခြင်းသည် ၀က်သားဆွမ်းကြောင့် မဟုတ်ကြောင်းကို အဋ္ဌကထာ၌ ဤသို့ မိန့်ဆိုထား၏။
`ဘုတ္တဿ စ သူကရမဒ္ဒဝေနာတိ ဘုတ္တဿ ဥဒပါဒိ၊ န ပန ဘုတ္တပစ္စယာ။ ယဒိ ဟိ အဘုတ္တဿ ဥပဇ္ဇိဿထ၊ အတိခရော ဘ၀ိဿတိ။ သိနိဒ္ဓဘောဇနံ ဘုတ္တတ္တာ ပနဿ တနုဝေဒနာ အဟောသိ။ တေနေ၀ ပဒသာ ဂနံ္တု အသက္ခိ။´ (ဒီ ၊ ၂၊ ၁၅၉)
`ရွှေပန်းထိမ်သည်သား စုန္ဒ၏ဆွမ်းကို ဘုဉ်းပေးတော်မူပြီးသော မြတ်စွာဘုရားအား ၀မ်းသွေးသွန်ရောဂါ ဖြစ်သည်ဆိုသော်လည်း ဘုဉ်းပေးခြင်းဟူသော အကြောင်းကြောင့် ဖြစ်သည်မဟုတ်။ မှန်၏။ မဘုဉ်းပေးမီ ထိုရောဂါ ဖြစ်ပွားခဲ့လျှင် အလွန်ကြမ်းတမ်းလေရာ၏။ နူးညံ့သော ဘောဇဉ်ကို ဘုဉ်းပေးတော်မူရခြင်းကြောင့် ဝေဒနာနည်းပါးစွာ ဖြစ်ရ၏။ ထိုကြောင့်ပင် (ကုသိနာရုံပြည်သို့ ရောက်အောင်) ခြေလျင် ကြွသွားတော်မူနိုင်လေသည်။´
သို့ဆိုလျှင် အဘယ်ကြောင့် ၀မ်းတော်လားရသနည်း-ဟူမူ ရှေးမကောင်းမှုကံ၏ အကျိုးဆက် ၀ိပါက်တော်ကြောင့် ဟု မှတ်အပ်၏။
ဝိပါက်တော် (၀ါ) ၀ဋ်တော် ဆယ့်နှစ်ပါးတို့တွင် ဧကာဒသမ၀ဋ်တော်အကြောင်းကို မဟာဗုဒ္ဓ၀င်၌ ဤသို့ ဆိုထား၏။
`မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် တစ်ခုသော ဘ၀၀ယ် ဆေးဆရာ ဖြစ်ခဲ့၍ ဆေးဖိုးဝါးခ မပေးလိုသော သူဌေးသားတစ်ယောက် ကို ၀မ်းလားဆေး တိုက်ကျွေးခဲ့လေသည်။
`ထိုမကောင်းမှု အကုသိုလ်ကံ အကျိုးဆက်ကြောင့် ဤနောက်ဆုံး ပစ္ဆိမဘ၀ ဘုရားဖြစ်တော်မူ၍ ယခု ပရိနိဗ္ဗာန် စံတော်မူခါနီးအခါ ၀မ်းသွေးသွန်သည့် ရောဂါဝေဒနာ ကိုယ်တော်မြတ်မှာ စွဲကပ်လာရလေသည်။´ (မဟာဗုဒ္ဓ၀င် ၊ ၅၊ ၄၀၀)
(၂) မြတ်စွာဘုရားရှင်သည် သူဌေးသမီး သုဇာတာလှူသော နို့ဃနာဆွမ်းနှင့် စုန္ဒလှူသော တောဝက်ပျိုသားဆွမ်းတို့ကို အကျိုးလည်းကြီးမားပြီး အကျိုးဝိပါက်လည်း တူမျှကြကြောင်း ဟောတော်မူခဲ့၏။
ယင်းသို့ ဟောကြားရာတွင် ဟုတ်မှန်သည့်အတိုင်း ဟောကြားခြင်း ဖြစ်၏။ သနားခြင်း၊ စိတ်မကောင်း မဖြစ်စေလိုခြင်း စသော အကြောင်းတို့ကြောင့် မဟုတ်မမှန် လီဆယ်ကာ ဟောပြောခဲ့ခြင်း မဟုတ်။
ထိုဆွမ်းနှစ်မျိုးတို့ အကျိုးပေးတူကြခြင်း အကြောင်းကို မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာလာသည့်အတိုင်း သိသာရုံ ပြဆိုပါမည်။
ဤ၌ သုဇာတာသူဌေးသမီးသည် ဘုရားမဖြစ်ခင်က လှူ၏။ စုန္ဒသည် ဘုရားဖြစ်ပြီးမှ လှူ၏။ သို့ပါလျက် ထိုဆွမ်းနှစ်မျိုးတို့သည် အဘယ်ကြောင့် အကျိုးပေးချင်း တူမျှကြပါကုန်သနည်း...ဟု မေးဖွယ်ရှိ၏။
အဖြေကား...
(က) ပရိနိဗ္ဗာနသမတာယစ=ပရိနိဗ္ဗာန်စံခြင်း၏ အကြောင်းအဖြစ် တူမျှသောကြောင့် လည်းကောင်း၊
(ခ) သမာပတ္တိသမတာယစ=သမာပတ်ကို ၀င်စားနိုင်ခြင်း၏ အကြောင်းအဖြစ် တူမျှသောကြောင့်လည်းကောင်း၊ (ဂ) အနုဿရဏသမတာယစ = နောင်အချိန်ဝယ် အောက်မေ့ ပုံချင်း တူမျှသောကြောင့်လည်းကောင်း ဆွမ်းနှစ်မျိုးတို့ အကျိုး ပေးပုံချင်း တူမျှကြလေသည်။
အနည်းငယ် အကျယ်ချဲ့၍ဆိုရလျှင်-
(က) မြတ်ဗုဒ္ဓသည် သုဇာတာသူဌေးသမီး လှူဒါန်းအပ်သော နို့ဃနာဆွမ်းကို ဘုဉ်းပေး၍ ထိုနေ့၌ပင် ဘုရားအဖြစ်သို့ ရောက်တော်မူကာ ကိလေသာများ အကြွင်းအကျန်မရှိ ကင်းစင်ချုပ်ငြိမ်းကုန်၏။
ဝိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ်ဟု ဆိုအပ်သော ကိုယ်ခန္ဓာကြီးကား ကြွင်းကျန် တည်ရှိသေး၏။ ထို့ကြောင့် မြတ်ဗုဒ္ဓ ဘုရားဖြစ်သောနေ့သည် ခန္ဓာအကြွင်းအကျန်နှင့်တကွ ဖြစ်သော သဥပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ကိလေသပရိနိဗ္ဗာန် ၀င်စံသောနေ့ ဖြစ်၏။
စုန္ဒလှူသော ဆွမ်းကို ဘုဉ်းပေးတော်မူရ၍ ဘောဇနသပ္ပာယဖြစ်ကာ ချမ်းသာလွယ်ကူစွာ ခန္ဓာတို့ကို ပယ်စွန့်တော်မူနိုင်၏။ အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ခန္ဓပရိနိဗ္ဗာန် ၀င်စံတော်မူ၏။
ဤသို့ ကိလေသပရိနိဗ္ဗာန်၊ ခန္ဓပရိနိဗ္ဗာန် အလွယ်တကူ ၀င်စံနိုင်ခြင်း၏ အကြောင်းအနေအားဖြင့် ဆွမ်းနှစ်မျိုးတို့ တူညီကြသောကြောင့် အကျိုးပေးပုံချင်းလည်း တူမျှကြလေသည်။
(ခ) မြတ်စွာဘုရားသည် ဘုရားဖြစ်မည့်နေ့၌ သုဇာတာလှူသော ဆွမ်းကို ဘုဉ်းပေးတော်မူ၍ ကုဋေပေါင်း နှစ်သန်းလေးသိန်း အရေအတွက်ရှိသော ဒေ၀သိက ၀လဉ္ဇနသမာပတ် (နေ့စဉ် ၀င်စားမြဲသမာပတ်) တို့ကို ၀င်စားတော်မူ၏။
ထို့အတူ ပရိနိဗ္ဗာန်စံမည့်နေ့၌လည်း စုန္ဒလှူသော ဆွမ်းကို ဘုဉ်းပေးတော်မူ၍ ဒေ၀သိက၀လဉ္ဇန သမာပတ်ကို ၀င်စားတော်မူ၏။ ထိုဆွမ်းတို့ကို ဘုဉ်းပေးတော်မူရ သောကြောင့် ထိုသမာပတ်တို့ကို ချမ်းသာလွယ်ကူစွာ ၀င်စားတော်မူနိုင်ခြင်း၏ အကြောင်းအဖြစ် တူမျှသောကြောင့် ထိုဆွမ်းနှစ်မျိုးတို့ အကျိုးပေးပုံချင်း တူမျှကြလေသည်။ (ထိုသမာပတ်အကြောင်း အကျယ်သိလိုမူ မဟာဗုဒ္ဓ၀င်၊ ပဉ္စမတွဲ၊ ၄၁၄-၌ ကြည့်လေ။)
(ဂ) သုဇာတာသည် နောင်အချိန်၌ `ငါ ဃနာနို့ဆွမ်း လှူဒါန်းခဲ့သော ပုဂ္ဂိုလ်သည် ညောင်ပင်စောင့် ရုက္ခစိုးနတ်မင်း မဟုတ်ဘူးတဲ့။ ထိုပုဂ္ဂိုလ်ကား ဘုရားလောင်းတဲ့။ ငါလှူတဲ့ ဆွမ်းကို ဘုဉ်းပေးပြီး ဘုရားအဖြစ်သို့ ရောက်တော်မူပြီတဲ့။ ထိုမြတ်စွာဘုရားရှင်အား သတ္တသတ္တာဟ စံတော်မူစဉ် ၄၉-ရက်ပတ်လုံး ငါလှူတဲ့ နို့ဃနာဆွမ်းနဲ့ မျှတတော်မူသတဲ့´ ဟူသော သတင်းစကား ကြားသိလေ၏။
ထိုသို့ကြားသိရ၍ `အရတော်လေစွ´ ဟု အဖန်ဖန် အောက်မေ့လျက် အားကြီးသော ပီတိသောမနဿများ ဖြစ်ပွားရလေ၏။
စုန္ဒ၏ သန္တာန်၌လည်း မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက်၌ `ငါသည် နောက်ဆုံးဆွမ်းကို လှူဒါန်းအပ်ပြီတဲ့။ မြတ်စွာဘုရားသည် တရားအပေါင်းတို့၏ အထွတ်အထိပ်ဖြစ်သော နိဗ္ဗာန်ကို ယူအပ်ပြီတဲ့၊ ငါ့ဆွမ်းကို ဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ၀င်စံတော်မူသတဲ့´ ဟု သတင်းစကား ကြားသိရ၍ `ငါ့အဖို့ အရတော်လေစွ´ ဟု အဖန်ဖန် အောက်မေ့လျက် အလွန် အားကြီးသော ပီတိသောမနဿများ ဖြစ်ပွားရလေ၏။
ဤသို့ အလှူရှင်နှစ်ဦးတို့၏ အောက်မေ့ပုံချင်း တူမျှသောကြောင့်လည်း ဆွမ်းနှစ်မျိုးတို့ အကျိုးပေးပုံချင်း တူမျှကြလေသည်။
ဤသို့လျှင် စုန္ဒ၏ ဆွမ်းအလှူသည် အမှန်တကယ် အကျိုးကြီးသောကြောင့်သာ အကျိုးကြီးကြောင်း မြတ်ဗုဒ္ဓ ဟောတော်မူခဲ့သည်ဟု မှတ်အပ်၏။
မှန်၏။ ဘုရားရှင်တို့မည်သည် သနားရုံသက်သက်၊ စိတ်မကောင်း မဖြစ်စေလိုရုံ သက်သက်မျှဖြင့် သူတစ်ပါးနှစ်လိုဖွယ်ရှိစေကာမူ မဟုတ်မမှန်သော စကားကို မည်သည့်အခါမျှ မိန့်တော်မမူခဲ့ပေ။

အရှင်ကောဝိဒ (ယော)
၂၀၀၈-ခုနှစ်၊ ဇန်န၀ါရီလ၊ ဓမ္မရံသီမဂ္ဂဇင်း
၂၀၀၈-ခုနှစ်၊ ဇန်န၀ါရီလ၊ ဓမ္မရံသီမဂ္ဂဇင်း
No comments:
Post a Comment